ကဗျာ၊ စာများ ဖတ်ရှုရာဝယ်

Posted by Zay / on 02/17/2011 / 0 Comments

Categories: !!!

ပဏာမ စကားပလ္လင် ခံလိုသည်။ ဆရာ ဦးရွှေအောင် ( ဝဋံသကာ နှင့် သိရောမဏိ ) ၏ စာဖတ်သူများ စာအုပ် ကျနော် လက်ဝယ်ရောက်သည်မှာ ကြာခဲ့ပါပြီ။ ဒုတိယ ပို့စ်သည် ယင်းစာအုပ်မှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဖြူစင်သော ၊ငြိမ်းချမ်းသော၊ မာန်မာနမပါသော ၊ ပုဂ္ဂိုလ်ရေး ဟုခေါ်သည့် ပညတ် နယ်ပယ်မှ ကင်းလွတ်သော အသိဥာဏ် ရရှိစေရေးကို ဦးတည်၍ စာပေချစ်သူ အများစုက စာပေအစုစုတို့ကို ဖတ်ရှုကြသည်။ လေ့လာ ဆည်းပူးကြသည်။ မည်သည့်စာပေ ၊လင်္ကာ၊ ကဗျာ ကိုမဆို ( ယုတ်သည် ဖြစ်စေ၊ မြတ်သည် ၊ အင်္ဂါရပ် ညီညွတ်သည် ဖြစ်စေ ၊ မညီညွတ်သည် ဖြစ်စေ ) လူတစ်ဦးတစ်ယောက် ဘဝအတွက် သင့်လျော်သော စာပေဟူသည် ဖတ်ရှုသော သူ၏ နှလုံးသွင့် သင့်တင့်မှု ၊ မသင့်တင့်မှု ( ယောနိသော မနသိကာရ နှင့် အယောနိသော မနသိကာရ ) ပေါ်သာ မူတည်သည် ဟု ဆရာ့စကားမှတ်သားခဲ့ရပါသည်။ ယင်းအသိကို ( ကျနော့လို လူပိန်း သာမည အတွက် ) အပြန်အလှန် အပြင်းအထန် ဖတ်ရှုနှလုံးသွင်းသည့်တိုင် ဆယ်စုနှစ် တစ်ခုမျှ ဖြတ်သန်းပြီးမှ ရခဲ့ရသည် ။ ယင်းအတွေး အချို့တစ်စိတ်တစ်ဝက် ကို ပထမပို့စ်တွင် ဖော်ပြထားပြီး၊ ကျနော့်အတွေးသက်သက်သာ ဖြစ်ကြောင်း ဝန်ခံလိုပါသည်။ ဒုတိယ ပို့စ်မှာ ဦးရွှေအောင်၏ စာဖတ်သူများ မှ သင့်လျော်ရာ ကူးယူထားခြင်း ဖြစ်ပြီး ဒုတိယ ပို့စ်အပေါ် နှစ်ပေါင်းများစွာ နှလုံးသွင်းပြီးမှ ပထမပို့စ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ဖော်ပြပါ အကြောင်းတို့သည် မသင့်တော် ၊ မလျော်ကန် ပါက - မသိသားဆိုးဝါးသော ကျနော်၏ နုံဖျင်းသော အပြစ်သာ ဖြစ်ပါကြောင်း။

( စာဖတ်သူများ တွင် - ဗုဒ္ဓဘာသာတရားအပေါ်အခြေခံ၍ တင်ပြအပ်သည့်အလျောက် အချို့လေးနက်ရသော နေရာများ၌ ပါဠိစကားလုံးများ မရှောင်သာ၍ ထည့်သွင်းထားရသည်ကို သည်းခံစေလိုပါသည်။ )

 


က -ဗျ-ာ

မှုန်ယိုရေးဖွဲ့ တိုင်း ကဗျာမဟုတ်။
ဖွင့်အံရေးဖွဲ့တိုင်း ကဗျာ မဟုတ် ..
ကာရန်မညီတိုင်း ကဗျာမဟုတ်..။ ဟူသော ခေတ်က လွန်ခဲ့ပါပြီ။

ရှေးဟောင်းပြတိုက်မှာ ဖုန်တက်နေလောက်ပြီ။

ကဗျာ ဆိုသော ဝေါဟာရကို အဘိဓါန်များ ဖွင့်ဆိုကြရာတွင်

စကားလုံးအနက် + သဒ္ဒါတို့ကို
စနစ်တကျတွဲစပ်ထားသော၊ တွဲသီထားသော ပုဒ်တစ်မျိုးယောင်ယောင် ဖွင့်ပြကြပါလိမ့်မည်။
ယင်း အယူအဆဟောင်းများကို လက်ကိုင်ထားမနေသင့်ပေ။

ကျနော်တို့ မြင်တွေ့သုံးစွဲနေရသည့်
စကားလုံးများသည် လည်းကောင်း ၊
ကျနော်တို့ ခံယူထားကြသည့်
ဘာသာစကား သဒ္ဒါနှင့် အနက်တို့သည်လည်း ကောင်း
ခံစားချက်နှင့် ဖြစ်ရပ်တို့ကို ရည်ညွှန်းပြဆိုရန်သာ အသုံးချထားခြင်းဖြစ်သည်။
လူသားတို့ ဖန်တီးထားခြင်းသာဖြစ်သည်။

ကဗျာတစ်ပုဒ်ကိုဖန်တီးလိုသော သူတစ်ယောက်သည်
ယင်း စကားလုံးတို့၏ လက်အောက်တွင် ပြားပြားမှောက်၍ စိတ်ကျဉ်းကျပ်နေရသည် ဆိုလျင်
၎င်း၏ စိတ်ခံစားမှု ၊ အာရုံဝင်စားမှုသည်
ကဗျာ ဆိုသည့်  ယင်းစာပိုဒ်ငယ်လေးအတွင်းသို့
ကောင်းမွန်စွာ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ပေ။

မိမိကိုယ်ကိုယ်အတွက် တစ်ကိုယ်တည်းရေးဖွဲ့သည်ဖြစ်စေ။
တပါးသူအတွက် ဖွင့်ဟ၍ ရေးဖွဲ့သည်ဖြစ်စေ ။
ကဗျာသည် ခံစားမှု အစုအပေါင်းသာ ဖြစ်ကြောင်း မမေ့အပ်ချေ။

အချို့သော ကဗျာ ၊ စာပေတို့သည်
စာရေးသူ ၊ ကဗျာဆရာ၏ လက်စွမ်းပေါ်မူတည်၍ ရသပြောင်မြောက်လာရသော်လည်း
အချို့သော ကဗျာ၊ စာပေများကား ...
မသိသား ဆိုးဝါးသော စာဖတ်သူများကြောင့် အရာမထင်ခြင်းလည်း ရှိတတ်သည်။

ဆိုလိုသည် မှာ
ကဗျာစာပေတစ်ပုဒ်`၏ ကောင်း ခြင်းနှင့် ဆိုးခြင်းကို ဆုံးဖြတ်ခြင်းသည်
စာရေးသူ ၊ကဗျာဆရာပေါ်၌ လုံးဝအမှီသဟဲ မပြုကြောင်း သိစေချင်သည်။

စာရှုသူ (၀ါ) စာဖတ်သူ၏ ဥာဏ်ရည် အဆင့်အတန်းပေါ်မူတည်၍ လည်းကောင်း ၊
စာဖတ်သူ၏ ပစ္စက္ခ စိတ်ခံစားချက်ပေါ်မူတည်၍ လည်းကောင်း ၊
စာဖတ်သူ၏ ဥပါဒါန် အစွဲအလမ်းပေါ်မူတည်၍ လည်းကောင်း
၎င်းဖတ်ရှုသော ကဗျာ၏ တန်ဖိုးသည်
၎င်းစာဖတ်သူ၏ နှလုံးအိမ်၌ အရိပ်ထင်နေပေလိမ့်မည်။

အတိုချုံး၍ ဆိုရလျင်
ကဗျာတစ်ပုဒ်ဖြစ်တည်ရာတွင်
မိမိခံစားချက်အတိုင်း
နှလုံးအိမ်မှသွန်ကျလာသည့်အတိုင်း
အမိအရ ရေးဖွဲ့လိုက်ခြင်းသာ အဓိကဖြစ်ပြီး ကာရန်ညီခြင်းမညီခြင်း
ဂိုဏ်းဒေါသ သင့်ခြင်းမသင့်ခြင်းတို့သည်
ကဗျာရေးသူ၏ အရာမဟုတ်ပဲ
သုတေသီ ( သို့မဟုတ် ) ဝေဖန်ရေးသမားတို့၏ တာဝန်သာဖြစ်ကြောင်း သိအပ်သည်။

ထို့ကြောင့် မိမိ၏ ခံစားချက်အတိုင်း ရဲရင့်သော သူသည် ကဗျာရေးသူ မည်သည်။
မိမိကိုယ်ကို မိမိ ပြန်လည် ဆင်ခြင်ခြင်းဖြင့် ကဗျာ ဆရာကောင်းဖြစ်လာနိုင်ပါလိမ့်မည်။
သို့ဆိုလျင် ကဗျာသည် သီးခြားလေ့လာနေရသော အရာတစ်ခုမဟုတ်ကြောင်း သိမြင်သည်နှင့်တပြိုင်နက်
ကဗျာကို ရေးတတ်ခြင်း ၊ မရေးတတ်ခြင်း
ကဗျာ ဟုတ်ခြင်း မဟုတ်ခြင်း ၊
စစ်ခြင်း မစစ်ခြင်း၊ ညီခြင်း မညီခြင်း ကဏ္ဍများ နိဂုံးချုပ်သွားပါလိမ့်မည် ။


စာဖတ်သူများ အကြောင်း

 

စာဖတ်သူများကို အမျိုးအစားခွဲခြားလျင် ...စာကို နောက်က လိုက်၍ ဖတ်သူ ၊ စာကိုရင်ဘောင်တန်း၍ ဖတ်သူ ၊ စာကို ရှေ့ ကကြို၍ ဖတ်သူ..ဟူ၍ သုံးမျိုးခွဲ နိုင်ကြောင်းတွေ့ရသည် ။ စာကို ဖတ်သောအခါ စာ၏ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါနက်အတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကို နောက်က လိုက်၍ ဖတ်သူများ အမျိုး အစား၌ ထည့်သွင်းပါသည် ။ စာ၏ သဒ္ဒါအနက်ကို ဖောက်ထွင်း၍ စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏ နှလုံးသွင်း ကို သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကိုရင်ဘောင်တန်း၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်း ပါသည် ။စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏ နှလုံးသွင်းကို ထွင်းဖောက်၍ စာ၏ အနတ္တအနက်တိုင်အောင် သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကိုရှေ့ ကကြို၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည် ။

စာကိုနောက်က လိုက်၍ ဖတ်သူများနှင့် စာကို၇င်ပေါင်တန်း၍ ဖတ်သူများသည်လည်း လောက ၏ အစီးအပွားအတွက် သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက် ကြသူများဖြစ်ကြသည် မှန်ပါ၏ ။ သို့ရာတွင် ယင်းသို့ဆောင်ရွက် ကြရင်း ဆောင်ရွက်ကြသူများ၏ သန္တာန်၌ တပ်မက်မှုများ ၊ မောက်မာမှုများ ၊ ငါတကောကော မှုများ ပွား၍ ပွား၍ လာတတ်ပါသည် ။ ထို့ကြောင့် ယင်းတို့ကို တတ်နိုင်သမျှ ပယ်သတ်နိုင်ရန် အလို့ငှာ စာကို ဖတ်သောအခါ စာ၏ အနတ္တ အနက်တိုင် သိဖို့ လိုအပ်ပါသည် ။ အမှန်အားဖြင့် အားလုံးသော ဓမ္မ တို့သည် အနတ္တချည်းသာတည်း ..ဟုဟောထားပါလျက် ယင်းအတိုင်း မသိဘဲ ကျော်၍ ကျော်၍ သိနေကြသဖြင့် .........ယင်းတို့၏ သန္တာန်၌ ထိုကဲ့သို့သော တဏှာ အတ္တ ၊ မာန အတ္တ ၊ ဒိဋ္ဌိအတ္တ များ ပွား၍ ပွား၍ လာခြင်းဖြစ်ပါသည် ။ ထို့ကြောင့်  မြတ်စွာဘုရားဟောတော်မူသည့် အတိုင်း စာ၏ အနတ္တ အနက်တိုင်အောင် သိမှသာ ဆောင်ရွက်ကြသူများ ၏ သန္တာန်၌ တပ်မက်မှုများ ၊ မောက်မာမှုများ ၊ ငါတကောကောမှုများ တည်း ဟူသော အတ္တသည် ပွား၍ ပွား၍ မလာဘဲ ပါး၍ ပါး၍ သွားမည် ဖြစ်သည် ။ ထိုအခါ အရင်းရှင်စာပေ ကို ဖတ်သည် ဖြစ်စေ ၊ ဆိုရှယ်လစ်စာပေကို ဖတ်သည် ဖြစ်စေ ၊ မည်သည့် စာပေကို ဖတ်.ဖတ် စာကို ရှေ့ က ကြို၍ ဖတ်သူများ အတွက် ဆရာဇီဝကသည် ဆေးဖက်မ၀င်သော သစ်ပင်ကို ရှာ၍ မတွေ့ သကဲ့သို့ လောကအတွက် အသုံးမ၀င်သော စာပေကို ရှာ၍ တွေ့ရန်ခဲယဉ်း မည် ဖြစ်ပါသည် ။

 

စာကို အနောက်က လိုက်၍ ဖတ်သူများ

စာကို အနောက်က လိုက်၍ ဖတ်သူများသည် စာဖတ်သော အခါ စာပေ၏ သဒ္ဒါနက် ( အဘိဓာ ) ကိုသာ သိသည် ။ အကြောင်းအရာ ၏ အသွင်သဏ္ဍာန် ( ၀ါစ္စ ) ကိုသာ သိသည် ။ ထိုထက်ပို၍ မသိ ၊ စာပေ၏ အဓိပ္ပါယ် နက် ( လက္ခဏာ ) ကို မသိ၊ အကြောင်းအရာ ၏ သဘောတရား ( လက္ချ ) ကိုမသိ ။ ထိုသို့မသိလျှင် စာရေးသူ၏ ဆိုလိုရင်းအာဘော်နှင့် စာရေးသူ၏ စေတနာကို မသိဘဲ ရှိတတ်၏ ။ ထို အခါ စာကို နောက်က လိုက်၍ ဖတ်သူသည် စာပေကို အကိုးအကားပြု၍ လုပ်ငန်းကိုဆောင်ရွက်သောအခါ များစွာသော အကျပ်အတည်း ကြုံရတတ်သည် ။ တိုက်ရိုက်အကိုး အကား မတွေ့ ရသောအခါ လုပ်ငန်းဆောင်ရွက် မှု နယ်နိမိတ် သည် များစွာ ကျဉ်းမြောင်းသွားလေသည် ။

 

စာရေးသူ ၏ ဆိုလိုရင်းအာဘော်နှင့် စာရေးသူ၏ စေတနာကို သိသော သူ များ က စာပေအကိုးအကားဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြသော အခါ စာပေကို နောက်က လိုက်၍ ဖတ်သူသည် သူသိသော စာပေ၏ သဒ္ဒါနက် ၊ အကြောင်းအရာ၏ ပုံသဏ္ဍာန် အကိုးအကားဖြင့် အခုအခံပြု၍ ကန့်ကွက်တတ်သည် ။ငြင်းခုံတတ်သည် ။ ထို့ပြင် သူ့ကိုယ်သူ စာပေပါ ပြဋ္ဌာန်းချက်များအတိုင်း တိတိကျကျ ဆောင်ရွက်တတ်သူ ဟူ၍ ဂုဏ်ယူတတ်သည် ။ ထိုကဲ့သို့ ဖြစ်ခြင်း မှာ တစ်ခုတည်းသော စာပေကို အတူတကွ ဖတ်ကြသူများချည်း ဖြစ်ပါလျက် စာပေ၏ အနက်ကို သိရာ၌ အချင်းချင်း ရပ်တည်ချက် မတူသောကြောင့် ဖြစ်သည် ။

 

စာပေကိုနောက်က လိုက်၍ ဖတ်သူသည် သူသိသော စာပေ ၏သဒ္ဒါနက် ၊အကြောင်းအရာ ၏ပုံသဏ္ဍာန်ကို တရားသေ စွဲကိုင်ကာလုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးတတ်သည် ။ ကြီးသော အစွဲအလမ်းကို စွန့်လည်း စွန့်နိုင်ခဲသည် ။ အစွဲအလမ်းကြီးသူကို ( အာဓာ နဂ္ဂါဟီ ) ဟူ၍ လည်းကောင်း ၊ကြီးသော အစွဲအလမ်း ကို စွန့်နိုင်ခဲသူကို ( ဒုပ္ပဋိနိဿဂ္ဂီ ) ဟု၍ လည်းကောင်း ကျမ်းဂန်များ၌ သုံးစွဲသည်။

စာကိုနောက်ကလိုက်၍ ဖတ်သူ၏ စာပေသိသည် သညာဥာဏ်သိ အဆင့်မျှသာ ဖြစ်၍ လောက ၏ အစီးအပွား အတွက်ဆောင်ရွက်ရာတွင် အတ္တကို အခိုင်အမာ အနှစ်သာရ ပြု၍ ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အကျိုးများသင့် သလောက် အကျိုးများမှုမရှိ ချေ။

စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများ

စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ သဒ္ဒါနက်ကို ကျော်၍ အဓိပ္ပါယ် နက်ကိုသိသည် .။ အကြောင်းအရာ၏ အသွင် သဏ္ဍာန်ကိုကျော်၍ သဘောတရားကိုသိသည် ။ ထိုအခါ စာကို ရင်ဘောင်တန်း၍ ဖတ်သူသည် စာရေးသူ၏ ဆိုလိုရင်းကို သိသည် ။ စာရေးသူ၏ စေတနာကိုလည်း သိသည် ။ ထိုသို့သိလျင် စာပေကို အကိုးအကာားပြု၍ လုပ်ငန်းကို ဆောင်ရွက်ရာ ၌ ..အကျဉ်းအကျပ်ကြုံရမှု နည်း ပါးသွားသည် ။ စာပေကို ကိုးကားသောအခါ လည်း တိုက်ရိုက်သဒ္ဒါနက် မကိုးကားတော့ဘဲ ၊ အဓိပ္ပါယ် နက်ကိုသာ ကိုးကားသဖြင့် လုပ်ငန်းဆောင်ရွက်မှု နယ်နိမိတ် သည် အထိုက်အလျောက် ကျယ်ပြန့်လာသည် ။ ထိုအခါ စာပေ၏ သဒ္ဒါနက်၊ အကြောင်းအရာ၏ အသွင်သဏ္ဍာန် ကို တရားသေ စွဲကိုင်မှု မပြုတော့ဘဲ လုပ်ငန်းကို ဆောင်ရွက်လာတတ်သည် ။ သို့ရာတွင် စာပေ၏ ကြောင်းကျိုးဆက်နွယ်မှု အနက် ၊ အကြောင်းအရာ ၏ အနတ္တ သဘောကို သိသောသူများနှင့် မူ စာပေ အကိုးအကားဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ အထိုက်အလျောက် ငြင်းခုံမှုရှိတတ်သေးသည် ။

 

စာပေကိုရင်ဘောင်တန်း၍ ဖတ်သူ၏ စာပေသိသည် သမာဓိဥာဏ်သိ အဆင့်မျှသာ ဖြစ်၍ မိမိသိသော အသိဥာဏ်ဖြင့် လုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးမှု လည်း ရှိတတ်သေးသည် .။ ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုလည်း ရှိတတ်သေးသည် ။ ထိုကဲ့သို့ အစွဲအလမ်းကြီးမှုနှင့် ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုသည် အနတ္တ သဘောကို အခြေခံ၍ မဆောင်ရွက်ဘဲ အတ္တကို အခြေခံ၍ ဆောင်ရွက်ခြင်း ကြောင့်ဖြစ်သည် ။ အတ္တကို အခြေခံ၍ ဆောင်ရွက်သောအခါ မိမိဆောင်ရွက်သော လုပ်ငန်းဟူသမျှ၌ မိမိအလို အတိုင်း ဖြစ်စေလိုသော သဘောရှိလာသည် ။ မိမိအလိုအတိုင်းမဖြစ်ပေါ်ပါကလည်း စိတ်နှလုံး မသာယာမှု ဖြစ်တတ်သည် ။ လုပ်ဖော်ကိုင်ဖက် များအပေါ်၌ သူ့ကြောင့် ၊ငါ့ကြောင့် ဟူ၍ အပြစ်ပုံချတတ်သည် ။

 

မိမိဆောင်ရွက်သောလုပ်ငန်း၌ အောင်မြင်မှုရရှိလာပါက အထင်ကြီးမှုဖြစ်ပေါ်တတ်သည် ။ မိမိကိုယ်ကို အထင်ကြီးမှုသည် ကျမ်းဂန်ဝေါဟာရအရ ( အဓိမာန )ပင်ဖြစ်သည် ။ (အဓိမာန ) ဟူသည် မိမိ၌ မရှိဘဲလျက် ရှိသည် ဟူသော အမြင်မှားမှု ၊ မဟုတ်ဘဲလျက် ဟုတ်သည် ဟူသော အမြင်မှားမှု ဖြစ်သည် ။ ထိုအမြင်မှားမှု သည် တဏှာ အတ္တ ကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ မာန အတ္တကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ ဒိဋ္ဌိအတ္တကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ထိုကဲ့သို့ဖြစ်တတ်ခြင်း သည် စာကို ရင်ဘောင်တန်း၍ ဖတ်သူ၏ သမာဓိဥာဏ်ဖြင့် အတ္တကို အခြေခံသော အဓိမာန ခေါ် အမြင်မှားမှု ကို မပယ်ဖျောက်နိုင်ခြင်းကြောင့် ဖြစ်သည်။

 

ထို့ကြောင့် စာကိုရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ အဓိပ္ပါယ် အနက်၊ အကြောင်းတရား၏ သဘောတရား ။စာရေးသူ၏ စေတနာကို သိ၍ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်သော်လည်း ..စာပေ၏ ကြောင်းကျိုးဆက်နွယ်မှုအနက် ( ဗျဉ္ဖနာ ) ၊ အကြောင်းအရာ ၏ အနတ္တသဘော( ဗျင်္ဂျ ) ကို မသိသောကြောင့် အတ္တ ၏ အနှောင်အဖွဲ့ မှ မလွတ်ကင်းသေးသဖြင့် မအောင်မြင်လျင် စိတ်နှလုံးမသာယာခြင်း ၊ အပြစ်ပုံချခြင်းတို့သာ ဖြစ်ပေါ်ပြီး အောင်မြင်လျင်လည်း မိမိ ကိုယ်ကို မိမိ လူတော် ဟု အထင်မှားခြင်း ( အဓိမာန ) တို့ဖြစ်တတ်၏ ၊။

 

ထို့ကြောင့် ဤအဆင့် တွင်လည်း အကျိုးရသင့်သလောက် ရအောင် ဆောင်ရွက်နိုင်စွမ်းမရှိဟူ၍ ပင် ဆိုရ၏ ..။

 

စာကိုရှေ့ ကကြို၍ ဖတ်သူများ

 

RSS Feed for this Blog    Comments Feed for this Post   

Comments

No one has commented yet.

 

Join this Group Now!

Forgot Password?

မေတ္တာအေးရိပ်
Powered by Groupsite.com

Visibility Public Membership By Invitation or Approved Request Default Profile Social

Your Status Not Logged-In